Phir Bhi Dil Hai Hindustani(2000)
ခေါင်းစဉ်ကို သင့်လျော်သလို ဆိုရရင်ဖြင့် “အိန္ဒိယ လူမျိုးတစ်ယောက်ရဲ့နှလုံးသားဟာ အမှန်တရားရှိနေတုန်းပါပဲ “လို့ ဖတ်ရှုခဲ့မိပါတယ်။ ဇာတ်ကားရဲ့ ဇာတ်ကွက်အရ အမှားတစ်ခုနဲ့ လူတစ်ယောက်ဟာ အမှန်ကို သိနားလည်ချိန်အတွင်း သူ့ကိုယ်သူ အိန္ဒိယသွေးရဲတုန်းပဲလို့ သိမြင်သလိုပါပဲ။
ဒီကားမှာ မင်းသားကြီး ရှာရွတ်ခမ်း ပါ၀င်ထားပြီး IMDB rating ကလည်း 6.3 အထိ ရှိနေတာကြောင့် ပေါ့ပေါ့ပါးပါး ကြည့်လိုသူတွေအတွက် အဆင်ပြေပါတယ်။
ဇာတ်လမ်းအရတော့ သတင်းထောက် ajay ဟာ အရမ်းအောင်မြင်တဲ့သူပေါ့။ အလုပ်ကို သက်စွန့်ဆံဖျားအထိ သတင်းရယူကြိုးစားပြီး သူ့ အလုပ်ဌာနကိုလည်း ဂုဏ်တက်စေသူပါ။ ၀န်ကြီး ဖြစ်သူ တွေ အထက်အရာရှိတွေနဲ့လည်း သိကျွမ်းရင်းနှီးပြီး
Media နဲ့ ပြည်သူကြား ပေါင်းကူးပေးတဲ့ အဓိက ဇာတ်ဆောင်လို့လည်း ပြောလို့ရပါတယ်။ သူဟာ ကျော်ကြားမှုကို တပ်မက်ပြီး တစ်ခါတလေ ၀န်ကြီးတွေအလိုကျ သတင်းလိမ်ပြီး ထုတ်ပြန်တတ်သူလည်း ဖြစ်ခဲ့ပါသေးတယ်။
တစ်ဖက်မှာတော့ Ajay တို့ channel ကို ယှဉ်ပြိုင်နေတဲ့ Galaxy channel ဆိုတာရှိပါတယ်။ Galaxy channel ရဲ့ အားကိုးရာကတော့ သတင်းထောက်မလေး Ria ပေါ့။
သတင်းချန်နယ်တွေ ပြိုင်လာတဲ့အခါ Ria ဟာ Ajay ကို နိုင်ဖို့ ကြိုးစားခဲ့တယ်။ သတင်းတစ်ခု သွားယူချိန်မှာ Ajay နဲ့ Ria တို့တွေ့ပြီး Ria ရဲ့အလှကို Ajay က တကယ်ကြွေသွားတာပေါ့။
ဒီ အချိန်လေးထိ ဇာတ်ကားလေးဟာ ဟာသတွေ အစုံအလင် ကြည်နူးစရာတွေနဲ့ပါ။
အဲ့ဒီနောက်
တစ်နေ့မှာ၀န်ကြီး တစ်ဦး ပြည်သူရှေ့ စကားပြောချိန်မှာပေါ့။ မမျှော်လင့်ဘဲ သေနတ်သံတစ်ချက်ကြားပြီးနောက် ၀န်ကြီးရဲ့ယောက်ဖဟာ စင်ကြမ်းပြင်ထက် လဲကျသွားခဲ့တယ်။ သေနတ်ပစ်လိုက်သူကတော့ Joshi ပါ။
ဒီလိုနဲ့ ၀န်ကြီးယောက်ဖ လည်း သေဆုံးသွားပြီး Joshi လည်း အဖမ်းခံလိုက်ရပါတော့တယ်။ ထို့နောက် ၀န်ကြီးဟာ ယောက်ဖ သေဆုံးမှုအပေါ် မှာနိုင်ငံရေး အမြတ်ထုတ်လိုက်ပါတယ်။ Joshi ကို အကြမ်းဖက်သမားအဖြစ် မီဒီယာကနေ ထုတ်လွှင့်ပြီးအခြားပြိုင်ဖက်၀န်ကြီးတွေအပေါ်၌လည်း ပြည်သူတွေ သံသယရှိလာစေအောင် ပဋိပက္ခ ဖန်တီးလိုက်ချိန်မှာတော့ ………?????
ဘာတွေ ဆက်ဖြစ်လာမလဲ ။ Joshi ကရော ဘာကြောင့် လူသတ်ရတာလဲ။ အကြမ်းဖက်သမားလား ။ Joshi က ဘယ်သူလဲ။ နိုင်ငံရေး အရှုပ်အထွေးကြား အမှန်တရားက ဘယ်မှာလဲ။ Ajay နဲ့ Ria တို့ကရော အမှန်တရားကို ဘယ်လို ရှာဖွေကြမလဲ။ မီဒီယာရဲ့ အခန်းကဏ္႑ကရော ဘယ်လိုလဲ ဆိုတာကတော့ ကြည့်ရှုခံစားလိုက်ကြပါဦး။
ဒီကားလေးကို မြင်မိတာကတော့ နိုင်ငံရေး ပျက်ယွင်းမှု နဲ့ ကောင်းမွန်လာမှုတွေဟာ စတုတ္ထမဏ္ဍိုင်တွေအပေါ် တစ်နည်းအားဖြင့် သတင်းမီဒီယာရဲ့ လမ်းကြောင်းမှန်ကန်မှုအပေါ် မူတည်ကြောင်းလမ်းညွှန်ခဲ့သလိုပါပဲ။ အရင်က မှားယွင်းနေတဲ့ Ajay အတွက်လည်း အမှန်တရားလမ်းကြောင်း ပြန်လည်ပြင်ဆင်လာတဲ့အတွက် ကောင်းမွန်တဲ့တရားဆောင်ခဲ့ပါတယ်။
ဒါ့ပြင်
ဇာတ်လမ်းတစ်ကွက်ကလည်း ဟတ်ထိစေပါတယ်။ အမှန်တရားအတွက် အိန္ဒိယပြည်သူ တွေ အလံကိုင် ေ၀့ှရမ်း လျှောက်လှမ်းချိန်မှာ ရဲသားငယ် ပြောမိတဲ့စကားလေးပါ။
“ဆရာ —- အိန္ဒိယ အလံဟာ ကျွန်တော်တို့အလံပါ။ ဒါ့ကြောင့် ဆရာ ပစ်မိန့်ပေးတာတောင် ကျွန်တော်မပစ်ဘူး။
အလံကို ကျည်ဖောက်ဖို့ ကျွန်တော် ရဲလုပ်ခဲ့တာမဟုတ်ဘူး ” တဲ့။
ပြောရမယ်ဆိုရင် သူတို့ဆိုသလိုပါပဲ။ အိန္ဒိယ မှမဟုတ်ပါဘူး။ အမှန်တရားဟာ လူသားစစ်စစ်မှာ ရှိနေစမြဲပါပဲ။ မှားပေမယ့် မှန်ရာ – မှန်ရာမှ အမှန်တရားကို ထုတ်ဖော်သတ္တိရှိနေမှု ပိုင်ဆိုင်တဲ့ Ajay ဇာတ်ရုပ်နဲ့တင် ဒီကားဟာ ကြည့်တန်ပါတယ် ပြောရမှာပါ။ အချစ် ရယ် ဟာသရယ် အမှန်တရားရယ်ကလည်း ဒီကားကို ပံ့ပိုးနေတာကြောင့် ဒီကားကြည့်ပြီးရင် အတွေးလေးတွေကျန်ခဲ့ဦးမှာပါ။ ကြည့်မယ့်စာရင်းထဲတော့ မှတ်ထားလိုက်ပါဦးလို့တော့ ပြောပါရစေဦးခင်ဗျာ။
Download link